စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကွမ်ရှီးတက္ကသိုလ် ကွန်မြူနစ်ပါတီကော်မတီ အတွင်းရေးမှူး Xu Huarui သည် နန်နင်းမြို့၌ အာရှဆိုင်ရာ ဘိုအောင်ဖိုရမ် (BFA) အထွေထွေအတွင်းရေးမှူး Zhang Jun နှင့် သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်ဖက်အကြား ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေရေးအတွက် ဆွေးနွေးခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ဘိုအောင်ဖိုရမ် အတွင်းရေးမှူးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Cheng Ji နှင့် ကွမ်ရှီးတက္ကသိုလ် ကွန်မြူနစ်ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်၊ ဒုတိယပါမောက္ခချုပ် Yu Wenjin တို့လည်း တက်ရောက်ခဲ့ကြသည်။

Zhang Jun က ဖိုရမ်၏ သက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို အစည်းအဝေးတွင် ရှင်းလင်းမိတ်ဆက်ခဲ့သည်။ အာရှဆိုင်ရာ ဘိုအောင်ဖိုရမ်သည် အာရှဒေသကို အခြေခံကာ ကမ္ဘာ့အမြင်ဖြင့် အစဉ်တစိုက် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဖိုရမ်သည် အာရှစီးပွားရေးပေါင်းစည်းမှု၊ အာရှစီးပွားရေးအခြေအနေနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုတို့နှင့် ပတ်သက်သည့် သုတေသနရလဒ်များကို နှစ်စဉ်ထုတ်ပြန်လျက်ရှိပြီး တက္ကသိုလ်များ၊ သုတေသနအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။ ကွမ်ရှီးတက္ကသိုလ်သည် အာဆီယံဒေသကို မျက်နှာမူထားသည့် ပထဝီဝင်အားသာချက်ရှိသည့်အပြင် သုတေသနလုပ်ငန်းများတွင်လည်း ရေရှည်စုဆောင်းတည်ဆောက်ထားသော အခြေခံကောင်းများရှိကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ ထို့ကြောင့် သက်ဆိုင်ရာ သုတေသနဦးတည်ချက်များအတိုင်း ပညာရပ်ဆိုင်ရာ သုတေသနများကို ပိုမိုအားကောင်းစေပြီး သီးခြားအကြောင်းအရာအလိုက် သုတေသနရလဒ်များ ဖော်ထုတ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ထိုသုတေသနများတွင် “နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းမှု” ကို အလေးထားကာ တရုတ်နှင့် အာဆီယံအကြား နှစ်ဖက်အပြန်အလှန် တံခါးဖွင့်မှုနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုကို အဓိကထားသင့်ကြောင်းလည်း အလေးပေးပြောကြားခဲ့သည်။
Xu Huarui က ကွမ်ရှီးတက္ကသိုလ်၏ အာဆီယံဒေသကို ဦးတည်သည့် လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်သင်ကြားရေး၊ သိပ္ပံသုတေသနနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို မိတ်ဆက်ခဲ့သည်။ တက္ကသိုလ်သည် ဒေသနှင့် နိုင်ငံအလိုက် လေ့လာသုတေသနပြုမှုများကို ဆက်လက်နက်ရှိုင်းစေပြီး အထူးပြုဘာသာရပ်ဆိုင်ရာ ပညာရေးနှင့် အာဆီယံဒေသ၏ အသုံးနည်းသော ဘာသာစကားများကို လေ့လာသင်ယူမှုတို့ ပေါင်းစပ်ရေးကို မြှင့်တင်ကာ ဘက်စုံကျွမ်းကျင်မှုရှိသော လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့အပြင် လူငယ်စွမ်းရည်ရှိသူများကို ပူးတွဲလေ့ကျင့်သင်ကြားရေး၊ ဆရာ၊ ဆရာမများအကြား ဖလှယ်မှုများ အားကောင်းစေရေးနှင့် ပူးတွဲသုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေလိုကြောင်းလည်း ဖော်ပြခဲ့သည်။ ယင်းမှတစ်ဆင့် ဖိုရမ်၏ လုပ်ငန်းများအတွက် တက္ကသိုလ်၏ စွမ်းအားကို ပံ့ပိုးပေးနိုင်ရန်၊ နိုင်ငံတော်၏ မဟာဗျူဟာကို ပိုမိုကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ရန်နှင့် ကွမ်ရှီးဒေသ၏ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်သည် သက်ဆိုင်ရာအကြောင်းအရာများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြပြီး လက်တွေ့အကောင်အထည်ဖော်နိုင်မည့် ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းများကိုလည်း ဆွေးနွေးရှာဖွေခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဘိုအောင်ဖိုရမ် အတွင်းရေးမှူးအဖွဲ့မှ တာဝန်ရှိသူများအပြင် ကွမ်ရှီးတက္ကသိုလ်၏ တက္ကသိုလ်အုပ်ချုပ်ရေးရုံး၊ သိပ္ပံသုတေသနဌာန၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနှင့် ဖလှယ်ရေးဌာန၊ တရုတ်–အာဆီယံ စီးပွားရေးပညာတက္ကသိုလ်နှင့် တရုတ်–အာဆီယံ သုတေသနဌာနတို့မှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။