ကွမ်ရှီးတက္ကသိုလ်တွင် ပဉ္စမအကြိမ်မြောက် တရုတ်-အာဆီယံ ရိတ်သိမ်းပြီးနောက် ဇီဝဗေဒ၊ သိုလှောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးနည်းပညာဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲ ဖွင့်လှစ်ကျင်းပ

    အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပဉ္စမအကြိမ်မြောက် တရုတ်-အာဆီယံ ရိတ်သိမ်းပြီးနောက် ဇီဝဗေဒ၊ သိုလှောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးနည်းပညာဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲကို ကွမ်ရှီးတက္ကသိုလ်၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ “တရုတ်-အာဆီယံ ပူးပေါင်းသိပ္ပံနှင့် နည်းပညာဆန်းသစ်တီထွင်မှု၊ နည်းပညာချိတ်ဆက်ပေါင်းစည်းမှု” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပသည့် အဆိုပါဆွေးနွေးပွဲကို ကွမ်ရှီးတက္ကသိုလ်၊ Zhejiang University နှင့် ထိုင်းနိုင်ငံ Kasetsart University တို့က ပူးတွဲဦးစီးကျင်းပပြီး ကွမ်ရှီးတက္ကသိုလ် စိုက်ပျိုးရေးကောလိပ်က စီစဉ်ဆောင်ရွက်ခဲ့သည်။

    ကွမ်ရှီးတက္ကသိုလ် ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်နှင့် ဒုတိယပါမောက္ခချုပ် Yu Wenjin သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကာ အမှာစကားပြောကြားခဲ့သည်။ နယူးဇီလန်နိုင်ငံ တော်ဝင်သိပ္ပံအကယ်ဒမီ Te Apārangi ၏ အဖွဲ့ဝင်ဖြစ်သူ ပါမောက္ခ Andrew C. Allan နှင့် ဥရောပသိပ္ပံအကယ်ဒမီ၏ အဖွဲ့ဝင်ဖြစ်သူ ပါမောက္ခ Mondher Bouzayen တို့ကိုလည်း ဖိတ်ကြားခဲ့ပြီး မျက်နှာစုံညီ အဓိကပညာရပ်ဆိုင်ရာ ဟောပြောချက်များ ပို့ချစေခဲ့သည်။

    အဆိုပါဆွေးနွေးပွဲသို့ ပြင်သစ်၊ နယူးဇီလန်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်နှင့် အခြားနိုင်ငံများမှ ကိုယ်စားလှယ်များအပြင် တရုတ်နိုင်ငံရှိ တက္ကသိုလ်များ၊ သုတေသနအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်း ၄၀ ကျော်မှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

    ပါဝင်တက်ရောက်လာကြသည့် ပညာရှင်များကို Yu Wenjin က နွေးထွေးစွာ ကြိုဆိုခဲ့သည်။ ၎င်းက စိုက်ပျိုးရေးထွက်ကုန်များ ရိတ်သိမ်းပြီးနောက် သိုလှောင်ထိန်းသိမ်းရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများသည် စိုက်ပျိုးထုတ်လုပ်မှုနှင့် စားသုံးမှုအကြား ချိတ်ဆက်ပေးသည့် အရေးပါသောကဏ္ဍဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းကွင်းဆက်ကို တိုးချဲ့ရန်နှင့် စိုက်ပျိုးရေးထိရောက်မှုကို မြှင့်တင်ရန် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း ထောက်ပြခဲ့သည်။ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများသည် တောင်တန်းနှင့် မြစ်ချောင်းများဖြင့် ဆက်စပ်လျက်ရှိပြီး အပူပိုင်းနှင့် သမပိုင်းဒေသထွက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အရင်းအမြစ်များ ပေါကြွယ်ဝကြသည်။ ထို့အပြင် ရိတ်သိမ်းပြီးနောက် အရည်အသွေးထိန်းသိမ်းရေးနှင့် အအေးကွင်းဆက် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍများတွင်လည်း နှစ်ဖက်စလုံး ရင်ဆိုင်နေရသည့် ဘုံပြဿနာများစွာ ရှိနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

    တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဒေသ အဆင့်မြှင့်တင်ရေးအစီအစဉ် (မူကွဲ ၃.၀) ကို ဆက်လက်အကောင်အထည်ဖော်လျက်ရှိသည့်အတွက် နှစ်ဖက်အကြား စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုသည် စိုက်ပျိုးရေးထွက်ကုန်များ ကုန်သွယ်မှုအဆင့်မှ ပူးတွဲသိပ္ပံနှင့် နည်းပညာသုတေသန၊ လူ့စွမ်းအားအရင်းအမြစ် နှစ်ဖက်အပြန်အလှန် လှုပ်ရှားသွားလာမှုနှင့် နည်းပညာသရုပ်ပြအသုံးချမှုများ မျှဝေသည့် အဆင့်သစ်တစ်ခုသို့ ကူးပြောင်းလာခဲ့ပြီဖြစ်သည်။ ယခုဆွေးနွေးပွဲသည် နိုင်ငံစုံပါဝင်သည့် ပညာရပ်ဆိုင်ရာ ဖလှယ်ရေးပလက်ဖောင်းတစ်ခုကို တည်ဆောက်ပေးသည့်အပြင် တရုတ်-အာဆီယံ အနာဂတ်အတူတကွမျှဝေသည့် အသိုက်အဝန်းတည်ဆောက်ရေး မျှော်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ခြင်းနှင့် ဒေသတွင်း စိုက်ပျိုးရေးပူးပေါင်းဆန်းသစ်တီထွင်မှုကို မြှင့်တင်ခြင်းတို့အတွက် လက်တွေ့ကျသော လုပ်ဆောင်ချက်တစ်ရပ်လည်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

    ထို့နောက် ယခုဆွေးနွေးပွဲကို အခွင့်အလမ်းတစ်ရပ်အဖြစ် အသုံးချကာ ပြည်တွင်းပြည်ပရှိ တက္ကသိုလ်များ၊ သုတေသနအဖွဲ့အစည်းများနှင့် လုပ်ငန်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန်၊ မူလတီထွင်ဆန်းသစ်မှုကို အလေးထားပြီး သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ရိတ်သိမ်းပြီးနောက် ကိုင်တွယ်ထိန်းသိမ်းရေးဆိုင်ရာ အဓိကသိပ္ပံနည်းကျပြဿနာများကို ပူးပေါင်းဖြေရှင်းရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် နည်းပညာများ ပေါင်းစပ်အသုံးချမှုကို မြှင့်တင်ကာ နယ်စပ်ဖြတ်ကျော် သိုလှောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးနည်းပညာဆိုင်ရာ စံနှုန်းများကို ချိတ်ဆက်ညှိနှိုင်းပြီး လက်တွေ့အကောင်အထည်ဖော်ရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖလှယ်ရေးလမ်းကြောင်းများကို တိုးချဲ့ကာ ဒေသတွင်း လူငယ်စိုက်ပျိုးရေးသိပ္ပံပညာရှင်များ၏ ကွန်ရက်တစ်ခု တည်ဆောက်ရန်လည်း တိုက်တွန်းခဲ့သည်။ ယင်းမှတစ်ဆင့် ဒေသတွင်း စိုက်ပျိုးရေးကဏ္ဍ၏ အရည်အသွေးနှင့် ထိရောက်မှုကို အတူတကွ မြှင့်တင်နိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ဖော်ပြခဲ့သည်။

    အောက်တိုဘာလ ၁၇ ရက်နေ့တွင် အဆင့်မြင့်ပညာရပ်ဆိုင်ရာ ဟောပြောတင်ပြမှုများကို တစ်နေ့တာလုံး ကျင်းပခဲ့ပြီး တရုတ်နိုင်ငံနှင့် ပြည်ပမှ ပညာရှင်များက သစ်သီးဝလံများ ရင့်မှည့်မှုကို ထိန်းညှိခြင်း၊ သစ်သီးဝလံများ၏ အရည်အသွေးလက္ခဏာများ ပိုမိုကောင်းမွန်လာစေရန် မျိုးဗီဇပြုပြင်တည်းဖြတ်ခြင်း၊ ရိတ်သိမ်းပြီးနောက် ဖြစ်ပွားသော ရောဂါများ၏ ယန္တရားများနှင့် အပူပိုင်းဒေသထွက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၏ အရည်အသွေးထိန်းသိမ်းရေးနည်းပညာများဆိုင်ရာ နောက်ဆုံးပေါ် သုတေသနရလဒ်များကို မျှဝေတင်ပြခဲ့ကြသည်။ ဟောပြောတင်ပြမှုများတွင် အခြေခံသီအိုရီဆိုင်ရာ သုတေသနများနှင့် လုပ်ငန်းနယ်ပယ်၏ လက်တွေ့လိုအပ်ချက်များကို ဟန်ချက်ညီစွာ ပေါင်းစပ်ထားပြီး အခြေခံဓာတ်ခွဲခန်းသုတေသနမှ စိုက်ပျိုးထုတ်လုပ်မှုနယ်ပယ်တွင် လက်တွေ့အသုံးချမှုအထိ လုပ်ငန်းစဉ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဆွေးနွေးပွဲကို ပညာရပ်ဆိုင်ရာ ဟောပြောတင်ပြမှုများ ဆက်လက်ကျင်းပခြင်း၊ ထူးချွန်ပိုစတာတင်ပြမှုဆုများ ချီးမြှင့်ခြင်းနှင့် တက်ရောက်လာသူများအား စိုက်ပျိုးရေးအခြေစိုက်စခန်းများ၊ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု ရိတ်သိမ်းပြီးနောက် ထုတ်လုပ်ပြုပြင်ရေးစက်ရုံများသို့ လေ့လာရေးခရီးစဉ်များ စီစဉ်ပေးခြင်းတို့ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

    ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းနယ်ပယ် ရင်ဆိုင်နေရသည့် ဘုံစိန်ခေါ်မှုများကို အဓိကထားဆွေးနွေးခဲ့သည့် ယခုဆွေးနွေးပွဲသည် တရုတ်-အာဆီယံ စိုက်ပျိုးရေးသိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆန်းသစ်တီထွင်မှုကို ပိုမိုနက်ရှိုင်းစေရန်နှင့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းနယ်ပယ်တွင် ဆုံးရှုံးမှုလျှော့ချပြီး ထိရောက်မှုမြှင့်တင်ရန် အရှိန်အဟုန်သစ်တစ်ရပ်ကို ဖြည့်ဆည်းပေးခဲ့သည်။